" အ စွဲ သ န် ရ င် ၊ အ ဆွဲ ခံ ရ မယ် "
" အ စွဲ သ န် ရ င် ၊ အ ဆွဲ ခံ ရ မယ် "
အရှင်ဆန္ဒာဓိက - ရွှေပါရမီတောရ
ဒါ့ကြောင့် ချစ်စွဲနဲ့ သေရင် အသေမလှဘူးဆိုတာက အကုသိုလ်ကံ တွဲထင်လို့ အပါယ်လေးဘုံရောက်တာ အသာထားလိုက်။ လူပြန်ဖြစ်တယ်ဆိုရင်တောင်မှ ကိုယ့်ကံက ပေးတဲ့ အဆင့်မြင့်ဘဝကို မရဘဲနဲ့ ကိုယ့်တဏှာက ပေးတဲ့ အဆင့်နိမ့်ဘဝကို ရသွားတတ်တယ်။
ရိုးရိုးပုထုဇဉ်ဆိုတာ အသာထားပါလေ။ ဝေဠုဝန်ကျောင်းဒကာကြီး ဗိဗ္ဗိသာရမင်းဆိုတာ သောတာပန်ကျောင်းဒကာကြီးပါ။
သောတာပန်လည်း ဖြစ်တယ်။ ကျောင်းတွေလည်း ဆောက်လှူထားတယ်။ သာသနာတော်ကိုလည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးနဲ့ အမြဲတမ်း လှူဒါန်းထောက်ပံ့နေတယ်။ ရတနာသုံးပါးအာရုံ၊ ကုသိုလ်အာရုံ၊ နိဗ္ဗာန်အာရုံ၊ အာရုံကောင်းတွေနဲ့ အမြဲတမ်းနေတဲ့ သောတာပန်ကျောင်းဒကာကြီးဆိုတော့ သေလို့ရှိရင် ဘယ်ဘုံလောက်တော့ ရောက်သင့်တုံး။ တုသိတာနတ်ဘုံကို ရောက်သင့်တာ။
တုသိတာ ဆိုတဲ့ ပါဠိစကားလုံးလေးက နှစ်သက်စရာ ကောင်းတယ်၊ မွေ့လျော်စရာကောင်းတယ်၊ ကြည်နူးစရာကောင်း တယ်လို့ ဆိုလိုပါတယ်။ နတ်ပြည်ခြောက်ထပ်ထဲမှာ နှစ်သက်စရာ အကောင်းဆုံး၊ နေချင်စရာအကောင်းဆုံးဟာ တုသိတာနတ်ဘုံပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားအလောင်း စတဲ့ သူတော်ကောင်းကြီး တွေနေတဲ့ နတ်ပြည်ဖြစ်လို့။
ဘုရားလောင်း၊ ပစ္စေကဗုဒ္ဓါလောင်း၊ အဂ္ဂသာဝကလောင်း၊ မဟာသာဝကလောင်း၊ ပကတိသာဝကလောင်း၊ ရဟန္တာဖြစ်မယ့်၊ အရိယာဖြစ်မယ့် ပညာရှိသူတော်ကောင်းနတ်တွေနေတဲ့ နတ်ပြည်မို့လို့ တုသိသာနတ်ပြည်ဟာ နှစ်သက်စရာ အကောင်းဆုံး နတ်ပြည်၊ နေချင်စရာအကောင်းဆုံး နတ်ပြည်။
စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတီ၊ ပရနိမ္မိတဝသဝတ္တီ လို့ နတ်ပြည်ခြောက်ထပ် အဆင့်ဆင့် ရှိတဲ့အထဲမှာ တုသိတာနတ်ပြည်ဟာ လေးထပ်မြောက်နတ်ပြည်ဖြစ် ပေမယ့် နှစ်သက်စရာအကောင်းဆုံး၊ နေချင်စရာအကောင်းဆုံး နတ်ပြည် ဖြစ်ပါတယ်။ အထက်နှစ်ထပ်ထက်တောင် ပိုပြီး ပျော်ဖို့ ကောင်းပါတယ်။
ကန်ထရိုက်တိုက်တွေမှာ အောက်ဆုံးအထပ်၊ အပေါ်ဆုံး အထပ်တွေထက် အလယ်အထပ်တွေက ပိုပြီး နေလို့ ကောင်းသလိုပေါ့။ အောက်ဆုံးအထပ်တွေဆိုရင် လူသံ ကားသံ ဆူညံမယ်၊ လူတွေ ကားတွေ မြင်တွေ့နေရမယ်၊ မျက်စိရှုပ် နားရှုပ် ဖြစ်ရတယ်။ အပေါ်ဆုံးအထပ်တွေကျတော့ မိုးယိုတာတို့၊ လေတိုက်တာတို့၊ ဆင်း ရတက်ရခက်တာတို့၊ ပြဿနာမျိုးစုံ၊ ဒုက္ခမျိုးစုံကြုံရတယ်။
အလယ်အထပ်တွေကတော့ မျက်စိအေး နားအေး၊ ပြဿနာရှင်း ဒုက္ခရှင်း၊ နေရထိုင်ရတာ ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာ ရှိပါတယ်။ လူအများစုအတွက် အလယ်အထပ်တွေက နေလို့ ထိုင်လို့ အဆင်အပြေဆုံးပါပဲ။
နတ်ပြည်မှာလည်း ဒီလိုပဲပေါ့။ အောက်နတ်ပြည်တွေကျတော့ ဒုက္ခသုက္ခတွေ၊ အပျော်အပါးတွေနဲ့ ရှုပ်ယှက်ခတ်နေတယ်။ အထက်နတ်ပြည်တွေကျတော့ တန်ခိုးသြဇာတွေ၊ အာဏာပါဝါတွေနဲ့ ယောက်ယက်ခတ်နေတယ်။ (မာရ်နတ်က အထက်ဆုံးနတ်ဘုံက။)
အလယ်အထပ်တွေကတော့အပျော်အပါးတွေ၊ တန်ခိုးသြဇာတွေ သူ့ကံနဲ့သူ ရှိကြပေမယ့် တရားဓမ္မလေးတွေနဲ့လည်း အေးအေးချမ်းချမ်းရှိတယ်။ သူတော်ကောင်းတွေ၊ သူမြတ်လောင်းတွေနဲ့ လည်း ပျော်ရွှင်စရာ၊ ကြည်နူးစရာကောင်းတယ်။အလောင်းအလျာအရင့်အမာကြီးတွေကို မြင်တွေ့နေရတော့ စိတ်ဓာတ်အင်အားကလည်း အမြဲပြည့်ဝနေတယ်။ (အရိမေတ္တေယျဘုရားအလောင်းလည်း တုသိတာနတ်ပြည်မှာ။)
လောကအပျော်နဲ့ ဓမ္မအပျော် မျှတမှုရှိတဲ့အတွက် အလယ် အထပ်နတ်ပြည်တွေဟာ နေချင်စရာအကောင်းဆုံးပါပဲ။ အထူးသဖြင့် တုသိတာနတ်ပြည်ဟာ နေချင်စရာအကောင်းဆုံးနတ်ပြည်၊ အမြင့်မြတ်ဆုံးနတ်ပြည် ဖြစ်ပါတယ်။ နေချင်စရာအကောင်းဆုံးနဲ့ အမြင့်မြတ်ဆုံးဖြစ်လို့လည်း ဘုရားဖြစ်ခါနီးဘဝ ဘုရားအလောင်းတော်တိုင်း တုသိတာနတ်ပြည်မှာပဲ ခေတ္တခဏ နားနေရင်း ဘုရားဖြစ်ရမယ့်ဘဝကို အေးချမ်းစွာ စောင့်ဆိုင်းတော်မူကြပါတယ်။
ဗိမ္ဗိသာရမင်းကြီးက သောတာပန်လည်းဖြစ်သေး၊ ကျောင်းဒကာလည်းဖြစ်သေးဆိုတော့ တုသိတာနတ်ပြည် ရောက်ကိုရောက်သင့်တယ်။ တုသိတာ မရောက်တောင် အနည်းဆုံးတော့ ဒုတိယ အထပ်ဖြစ်တဲ့ တာဝတိံသာနတ်ပြည်လောက်ကို ရောက်ဖို့ကောင်းတာပေါ့။ တာဝတိံသာမှာလည်း သူတော်ကောင်းတွေ အများကြီး ရှိတယ်လေ။
ဒါပေမဲ့လို့ ဘယ်ရောက်သွားသတဲ့တုံး။ နတ်ပြည်ခြောက်ထပ်ထဲက အောက်ဆုံအထပ်၊ အနိမ့်ဆုံးအထပ်ဖြစ်တဲ့စတုမဟာရာဇ်နတ်ပြည် ရောက်သွားတယ်။
စတုမဟာရာဇ်နတ်ပြည် ရောက်သွားတာတောင် အဆင့်မြင့်တဲ့ နတ်မျိုးနွယ်ထဲ မရောက်ဘူး။ ဂန္ဓဗ္ဗနတ်မျိုးနွယ်ထဲ ရောက်သွားတယ်။ ဂန္ဓဗ္ဗနတ်မျိုးမှာ ဖြစ်တာဆိုတော့ ဖျော်ဖြေရေးမျိုးရိုးထဲကို ရောက်သွားတာပေါ့။ ဖျော်ဖြေရေးနတ်သား ဖြစ်သွားတာပေါ့။
နတ်သား နတ်သမီးချင်းအတူတူ သူတစ်ပါးကို ကပြဖျော်ဖြေရ၊ သီဆိုဖျော်ဖြေရ၊ တီးမှုတ်ဖျော်ဖြေရတဲ့ ဖျော်ဖြေရေးနတ်သား သွားဖြစ်တာ ဘယ်လောက်ဝမ်းနည်းဖို့ ကောင်းထားလဲ။ နတ်သား နတ်သမီးချင်းအတူတူ သူတစ်ပါးရဲ့ အသုံးတော်ခံ၊ သူတစ်ပါးရဲ့ ပျော်တော်ဆက် ဖျော်ဖြေရေးနတ်သား သွားဖြစ်ရတာဘယ်လောက်များ ရင်နာဖို့ ကောင်းထားလဲ။
လူ့ပြည်မှာသာ ဖျော်ဖြေရေးသမားဖြစ်ရတာ နာမည်တွေကြီး၊ ဝင်ငွေတွေရနဲ့ ကောင်းသလိုလို ရှိပေမယ့် နတ်ပြည်မှာ ဖျော်ဖြေရေးသမားသွားဖြစ်ပြီး သူများကို ဖျော်ဖြေနေရတာကတော့ လုံးဝ မကောင်းပါဘူး။ နတ်ဖြစ်ရတာ လုံးဝ မတန်ဘူး၊ လုံးဝ မမိုက်ဘူးလို့ ပြောရမှာပေါ့။
ဒီလိုပြောလိုက်လို့ ဖျော်ဖြေရေးသမားတွေကို နှိမ့်ချပြောတယ်လို့ မထင်လိုက်နဲ့နော်။ အများသဘော၊ တရားသဘောအရ လောကသတ်မှတ်ချက်၊ ပကတိသတ်မှတ်ချက်ကိုသာ သံဝေဂဖြစ်အောင် ပြောပြတာပါ။ ဘယ်ဘဝမဆို သူ့တန်ဖိုးနဲ့သူ ရှိကြတာချည်းပါပဲ။ ကိုယ်က တန်ဖိုးရှိအောင်နေဖို့သာ အဓိကပါ။
ဗိမ္ဗိသာရမင်းကြီး တုသိတာနတ်ပြည် မရောက်ဘဲ စတု - မဟာရာဇ်နတ်ပြည်၊ ဂန္ဓဗ္ဗနတ်ရပ်ကွက် - ဖျော်ဖြေရေးနတ်ရပ်ကွက် ရောက်သွားရတာ ကံပေးတဲ့ဘဝကို ရတာလား၊ တဏှာပေးတဲ့ဘဝကို ရတာလားဆိုရင် တဏှာပေးတဲ့ဘဝကို ရတာပါ။ ကံက တုသိတာ အထိ ပေးနိုင်တယ်၊ တဏှာက စတုမဟာရာဇ်လောက်ပဲ ရောက်ချင် တယ်။ ဒါ့ကြောင့် စတုမဟာရာဇ်လောက်ပဲ ရောက်သွားရတာပါပဲ။
ဗိမ္ဗိသာရမင်းကြီးက ဟိုးလွန်ခဲ့တဲ့ဘဝတွေတုန်းက အဲဒီ စတုမဟာရာဇ်နတ်ပြည်က ဂန္ဓဗ္ဗနတ်ရပ်ကွက်မှာ ဖျော်ဖြေရေးနတ်သားအဖြစ် ဘဝပေါင်းတော်တော်များများ ဖြစ်ခဲ့ဖူးတယ်။ နီးနီးကပ်ကပ်ဆိုရင်တော့ ခုနစ်ဘဝ ဆက်တိုက်ဖြစ်ခဲ့ဖူးတယ်။
သေခါနီးမှာ ဖျတ်ကနဲဆိုစတုမဟာရာဇ်နတ်ပြည်၊ ဂန္ဓဗ္ဗ နတ်ရပ်ကွက်က အာရုံမှာ ထင်ထင်ရှားရှားပေါ်လာတယ်။ ခုနစ်ဘဝဆက်တိုက်နေခဲ့တဲ့ နတ်ပြည်၊ နတ်ရပ်ကွက်ဆိုတော့ အဲဒီနေရာကိုလည်း သဘောကျသာယာပြီးတော့ ချစ်စွဲစွဲသွားတယ်။ ဟိုတုန်းက အတူကပြဖော်ကပြဖက်၊ သီဆိုဖော်သီဆိုဖက်၊ တီးမှုတ်ေဖာ် တီးမှုတ်ဖက် အနုပညာမောင်နှမ နတ်သား၊ နတ်သမီးတွေကိုလည်း သံယောဇဉ်တွယ်ပြီးတော့ ချစ်စွဲစွဲသွားတယ်။
"ဟာ ...၊ ဟိုနတ်သားက ဟိုအက ကတုန်းပါပဲလား”
"ဟာ...၊ ဒီနတ်သမီးက ဒီသီချင်း ဆိုတုန်းပါပဲလား”
"ဟာ...၊ ဟိုကောင်ကြီး အခုထက်ထိသရုပ်ဆောင် ကောင်းတုန်းပဲ”
“ဟာ ... ဒီကောင်မလေး အခုထက်ထိသီချင်းဆို ပိုင်တုန်းပဲ”
... စသည်အားဖြင့်ပေါ့။ နေရာဌာနကိုလည်း ချစ်စွဲစွဲ တယ်။ ပုဂ္ဂိုလ်ကိုလည်း ချစ်စွဲစွဲတယ်။ ချစ်စွဲဆိုတာက သက်ရှိ သတ္တဝါပုဂ္ဂိုလ်ကို စွဲမှ မဟုတ်ဘူးနော်။ သက်မဲ့ဘုံဌာန နေရာဒေသ တွေကို စွဲတာလည်း ချစ်စွဲပဲ။ ဒါ့ကြောင့် သူချစ်စွဲစွဲတဲ့ စတုမဟာရာဇ်နတ်ပြည်၊ ဖျော်ဖြေရေးနတ်ရပ်ကွက်မှာပဲ သူချစ်တဲ့ အနုပညာ မောင်နှမ နတ်သားနတ်သမီးတွေနဲ့အတူ နတ်သား သွားဖြစ်ရပါတယ်။
ဒါတောင် သောတာပန်ပုဂ္ဂိုလ်ကြီးနော်။ ပုထုဇဉ်ဆိုရင်တော့ တွေးတောင် မတွေးဝံ့ဘူး။ ချစ်စွဲများ သိပ်ကြောက်စရာကောင်းပါ တယ်။ သောတာပန်အရိယာပုဂ္ဂိုလ်ကြီးကိုတောင် ချမ်းသာမပေးပါ ဘူး။ ကံအရှိအတိုင်းအပြည့်အဝ အကျိုးပေးခွင့်မရဘဲ တဏှာစီမံ သလောက်ပဲ အကျိုးပေးခွင့်ရတာဟာ ချစ်စွဲကြောင့်ပါ။ အင်မတန် သံဝေဂရဖို့ ကောင်းပါတယ်နော်။
ဒါ့ကြောင့် တဏှာကို “ကံရဲ့ကတော်’ လို့ ဦးဇင်းက တင်စားပြီး ပြောချင်တယ်။ ကံရဲ့လုပ်ပိုင်ခွင့်ကို တဏှာက ဝင်ဝင်ပြီး စီမံခန့်ခွဲသွားတတ်လို့ပါ။
လောကီနယ်ပယ်က တချို့ကိစ္စတွေမှာ သက်ဆိုင်ရာ ကာယကံရှင်ရဲ့ ဆန္ဒအတိုင်းမဖြစ်ဘဲ ကာယကံရှင်ကတော်ရဲ့ ဆန္ဒအတိုင်း ဖြစ်သွားရတာလေးတွေ ရှိတတ်တယ်လေ။ သက်ဆိုင်ရာကာယကံရှင်ရဲ့ လုပ်ပိုင်ခွင့်အတွင်းတော့ လုပ်ပိုင်ခွင့်အတွင်းပါပဲ။ ဒါပေမဲ့ ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်အတိုင်း မဖြစ်ဘဲ ကာယကံရှင်ကတော်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဖြစ်သွားတယ်။ တချို့ကိစ္စတွေမှာ ကာယကံ ရှင်ထက် ကာယကံရှင်ကတော်က ပိုပြီး ပါဝါရှိတယ်။
အဲဒီလိုပါပဲ၊ ကံရဲ့ အကျိုးပေးနိုင်ခွင့်ဘောင်အတွင်းမှာပဲ ကံရှိသလောက် အပြည့်အဝ အကျိုးမပေးလိုက်ရဘဲ တဏှာရှိသလောက် မပြည့်မဝ အကျိုးပေးလိုက်ရတာမျိုးတွေ အများကြီးရှိတယ်။ ကံကို တဏှာက ဝင်ဝင်ပြီး ခြယ်လှယ်တာပေါ့။ တစ်ခါတစ်ရံမှာ တဏှာခြယ်လှယ်သမျှ ကံက ငုံ့ခံနေရတယ်။ ဒါ့ကြောင့် တဏှာဟာ ကံရဲ့ ကတော်ပဲ။
ဒါ့ကြောင့် ချစ်စွဲနဲ့သေရင်လည်း အသေလှတဲ့သူမဖြစ်နိုင် ဘူး။ ကံရှိသလောက် အကျိုးမပေးဘဲ တဏှာရှိသလောက်ပဲ အကျိုး ပေးနိုင်လို့။ ကံရှိသလောက် အဆင့်မမြင့်မားဘဲ တဏှာရှိသလောက်ပဲ အဆင့်နိမ့်ပါးသွားနိုင်လို့။
Comments
Post a Comment