" နေရပ်မသေချာပေမယ့် အနေရပ်သေချာပါတယ် "

" နေရပ်မသေချာပေမယ့် အနေရပ်သေချာပါတယ် " တရားတော်
အရှင်ဆန္ဒာဓိက- ရွှေပါရမီတောရ

   တစ်ခုခုက၊ သို့မဟုတ်တစ်ယောက်ယောက်က သိပ် ကောင်းတယ်ဆိုရင် အသေကောင်းတယ်။ တစ်ခုခုက၊ သို့မဟုတ်တစ်ယောက်ယောက်က သိပ်ဆိုးတယ်ဆိုရင် အသေဆိုးတယ်။ တစ်ခုခုကို၊ သို့မဟုတ် တစ်ယောက်ယောက်ကို သိပ်ကြိုက်တယ် ဆိုရင် အသေကြိုက်တယ်။ တစ်ခုခုကို၊ သို့မဟုတ် တစ်ယောက် ယောက်ကို သိပ်ရွံတယ်ဆိုရင် အသေရွံတယ်။ တစ်ခုခုက၊ သို့မဟုတ် တစ်ယောက်ယောက်က အရမ်းမိုက်တယ်ဆိုရင် အသေမိုက်တယ်။ တစ်ယောက်ယောက်ကို အရမ်းချစ်တယ်ဆိုရင် အသေချစ်တယ်။ တစ်ယောက်ယောက်ကို အရမ်းမုန်းတယ်ဆိုရင် အသေမုန်းတယ်။ အရပ်ထဲမှာ အဲဒီလို ပြောလေ့ရှိတယ်။ အသေလှတဲ့သူ ဆိုတော့ အရမ်းလှတဲ့သူလို့ ထင်နေမှာစိုးလို့နော်။ အသေလှတဲ့သူဆိုတာ အရမ်းလှတဲ့သူ၊ သိပ်လှတဲ့သူ၊အင်မတန်လှတဲ့သူလို့ ဆိုလိုတာ မဟုတ်ပါဘူး။

      အသေလှတဲ့သူ ဆိုတာ လှလှပပ သေတဲ့သူ၊ ကောင်းကောင်းမွန်မွန် သေတဲ့သူ၊ မြင့်မြင့်မြတ်မြတ် သေတဲ့သူ၊ ထူးထူးခြား
ခြား သေတဲ့သူလို့ ဆိုလိုပါတယ်။

       မွေးဖွားလာတဲ့သူတိုင်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဧကန်မုချသေကြရမှာဖြစ်လို့ နေ့စဉ်နဲ့အမျှ သတ္တဝါတွေ သေနေကြပါတယ်။နေ့စဉ်နဲ့အမျှ ဆိုတဲ့နေရာမှာ နာရီနဲ့အမျှ၊ မိနစ်နဲ့ အမျှ၊ စက္ကန့်နဲ့အမျှပါပဲ။ စက္ကန့်တိုင်း စက္ကန့်တိုင်းသတ္တဝါတွေ သေနေကြပါတယ်။ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်ဘုံသားသတ္တဝါတွေ၊ နတ်ဗြဟ္မာဆိုတဲ့ အဆင့်မြင့် သုဂတိဘုံသားသတ္တဝါတွေဆိုတာအသာထားလိုက်ဦး။ ကိုယ်နဲ့ ဇာတ်ချင်းတူတဲ့ လူသတ္တဝါတွေကိုပဲ စက္ကန့်တိုင်း သေနေကြတာပဲ။

           နိုင်ငံအနှံ့ ဖြန့်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် စက္ကန့်တိုင်းစက္ကန့်တိုင်း လူသားတွေ သေနေကြတယ်။ မြန်မာနိုင်ငံတစ်ခုတည်းနဲ့တွင် ကြည့်မယ်ဆိုရင်တော့ စက္ကန့်တိုင်းတော့ သေချင်မှ သေမယ်။ဒါပေမဲ့ နေ့တိုင်းတော့ သေနေကြတယ်။

           တခြားမြို့တွေဆိုတာ အသာထားလိုက်ဦး။ ရန်ကုန်မြို့တစ်မြို့တည်းမှာကိုပဲ နေ့တိုင်း သေမနေကြဘူးလား။ သေနေကြတာပဲ။တစ်နေ့တစ်ယောက်တောင် မကဘူး။ အယောက် သုံးလေးငါးဆယ်၊ တစ်ရာကျော်လောက်အထိကို နေ့တိုင်း သေနေကြတာ။
အခု ဒီစင်္ကာပူနိုင်ငံမှာလည်း နေ့တိုင်းနေ့တိုင်း လူတွေ သေနေကြမှာပါ။ စင်္ကာပူတစ်နိုင်ငံလုံးပေါင်းမှ ရန်ကုန်တစ်မြို့စာလောက်ပဲရှိတယ်ဆိုပေမယ့် ရန်ကုန်မှာ နေ့တိုင်း လူတွေ သေရင်စင်္ကာပူမှာလည်း နေ့တိုင်း လူတွေ သေရမှာပေါ့။ အနည်းနဲ့ အများပဲကွာမှာပါ။

   ဘယ်မြို့၊ ဘယ်ရွာ၊ ဘယ်နိုင်ငံလို့ မရည်ရွယ်ဘဲ အကြမ်းဖျင်းလေးပဲ ပေါ့ပေါ့ပါးပါး ပြောမယ်ဆိုရင် နေ့တိုင်းနေ့တိုင်း လူသားတွေ သေနေကြပါတယ်။

   “နေ့တိုင်းနေ့တိုင်း လူသားတွေ သေနေကြတယ်” ဆိုတဲ့ စကားလေးကို သေချာဉာဏ်သွင်းပြီးတော့ နာယူနေတယ်ဆိုရင် ဒီစကားလုံးတစ်လုံးတည်းနဲ့တွင်ကို သံဝေဂဉာဏ် ရင့်သန်လာမှာပစကားလုံးခံစားမှုအားကောင်းရင်ပေါ့။

    “နေ့တိုင်းနေ့တိုင်း သတ္တဝါတွေ သေနေကြတယ်။ စက္ကန့်တိုင်း သတ္တဝါတွေ သေနေကြတယ်။ မိနစ်တိုင်း သတ္တဝါတွေသေနေကြတယ်။ နာရီတိုင်းသတ္တဝါတွေ သေနေကြတယ်”

   “နေ့တိုင်း နေ့တိုင်း လူသားတွေ သေနေကြတယ်။ နေ့တိုင်းနေ့တိုင်း ရန်ကုန်မြို့မှာ လူတွေ သေနေကြတယ်။ နေ့တိုင်း နေ့တိုင်းစင်္ကာပူမှာ လူတွေ သေနေကြတယ်”

     ဒီစကားလုံးလေး ကြားလိုက်တာနဲ့ ဟိုက်ကနဲဆို စိတ်ကလေးက သံဝေဂလေးနဲ့ နွမ်းလျသွားမှာပဲ။ နွမ်းလျသွားတယ်ဆိုတာ တည်ငြိမ်လေးနက်သွားတာပါ။

    တချို့က အရပ်ထဲမှာ ပြောလေ့ရှိကြတယ်။“သေစကားမပြောနဲ့” လို့။သေဆိုတဲ့ စကားလုံးပြောတာ မကြိုက်ကြဘူး။“သေ” စကားပြောရမှာ ကြောက်ကြတယ်။ 
      
      “ငါတော့ သေသာ သေလိုက်ချင်တော့တာပဲ။ သေသွားရင် ကောင်းမှာပဲ။ သေသာ သေလိုက်ပါတော့။ သေမှပဲ ဝဋ်ကျွတ်တော့ မယ် ထင်ပါရဲ့။ အဲဒီလိုပြောတဲ့ သေစကားမျိုးဆိုရင်တော့ နိမိတ်မရှိနမာမရှိ၊ ကျက်သရေမင်္ဂလာမရှိလို့ ပြောလို့ရတာပေါ့။

    သူများကို “ငါသေတာပဲကောင်းတယ်ငါသေမှ နင်တို့သိ မယ်။ နင်သေလိုက်ပါလား။ နင်သေချင်လို့လား။ နင်သေမှ အေးမယ်သေချင်းဆိုး” ဘာညာနဲ့ အဲဒီလို “သေ” ဆိုတဲ့ စကားလုံးပြောမယ်ဆို ရင်တော့လည်း ကျက်သရေမရှိဘူးပေါ့။ မင်္ဂလာမရှိဘူးပေါ့။

    ကိုယ့်ကိုယ်ကို မကျေနပ်လို့သို့မဟုတ် သူတစ်ပါးကို မကျေနပ်လို့ ဒေါသ၊ ဒေါမနဿကို အခြေခံပြီး ပြောရင်သာ သေဆို တဲ့ စကားလုံး မသုံးသင့်တာ၊ သေ ဆိုတဲ့စကား မပြောသင့်တာပါ။ အဲဒီလိုမဟုတ်ဘဲနဲ့ ... နေ့စဉ်နဲ့အမျှ သတ္တဝါတွေ သေနေကြတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သေကြရမယ်။ အချိန်မရွေး သေသွားနိုင် တယ်။ ကိုယ်ချစ်ခင်နှစ်သက်မြတ်နိုးတဲ့ ဘယ်သူဘယ်ဝါတွေလည်း သေသွားနိုင်တယ်။ တစ်နေ့ကျရင် သူအရင် သေရင်သေ၊ ကိုယ်အရင် သေရင်သေပြီးတော့ လမ်းခွဲကြရမှာပဲ”

    ... စသည်အားဖြင့်ပေါ့လေ။ သေခြင်းတရားရဲ့ သဘော သဘာဝကို သံဝေဂဉာဏ်နဲ့ ဆင်ခြင်နှလုံးသွင်းတာ၊ သံဝေဂဉာဏ် အခြေခံပြီးတော့ သံဝေဂစိတ်ကလေးနဲ့ သေခြင်းတရားအကြောင်း ပြောတာဆိုရင်တော့ “သေ” ဆိုတဲ့ စကားပြောတာ ကျက်သရေ မရှိဘူးလို့ ပြောလို့မရဘူး။ သံဝေဂဉာဏ်နဲ့ ပြောတဲ့ “သေ” စကားဟာ တန်ဖိုးမဖြတ်နိုင်လောက်အောင် အင်မတန် ကျက်သရေမင်္ဂလာရှိပါတယ်။

      သေခြင်းတရားအကြောင်း ဆင်ခြင်တာလောက် သံဝေဂ ဉာဏ် ထက်သန်စေတဲ့တရား မရှိတော့ဘူး။ သံဝေဂဉာဏ်ဖြစ်အောင် တွန်းအားအပေးဆုံးတရားကတော့ သေခြင်းတရားပဲ။ သေခြင်းတရား ကို ဆင်ခြင်လို့ရှိရင် သံဝေဂဉာဏ်တွေ ထက်ထက်သန်သန် ဖြစ်နိုင် တယ်။ ထက်သန်တဲ့ သံဝေဂဉာဏ်က ဝိပဿနာဉာဏ်ကို မဂ်ဉာဏ် အထိ ဆိုက်သွားအောင် ကျေးဇူးပြုနိုင်တယ်။

     ဒီနေ့ကတော့ သေခြင်းတရားအကြောင်း ဆင်ခြင်ဖို့ ဟောမှာ တော့ မဟုတ်ပါဘူး။ နေ့တိုင်းနေ့တိုင်း လူသားတွေ သေနေကြ တယ်” ဆိုတဲ့ စကားလုံး ပြောနေရင်းနဲ့ စိတ်ထဲမှာ သံဝေဂသဘော လေး ခံစားရလို့ ဒီစကားလုံးလေးပေါ်မှာ ဉာဏ်လေးစိုက်ပြီးတော့ သံဝေဂဉာဏ် ယူစေချင်လို့ နည်းနည်း နမူနာ ပြောလိုက်တာပါ။ လူတိုင်းလူတိုင်း သေမှာကတော့ သေချာပါတယ်။ “နေရပ်’ သာ မသေချာရင် ရှိမယ်၊ “အနေရပ်’ ကတော့ သေချာပါတယ်။

      နေရပ်ကတော့ မသေချာဘူး။ အခုတရားနာပရိသတ်တွေ အခုလောလောဆယ် စင်္ကာပူမှာ နေနေပေမယ့် တစ်သက်လုံး စင်္ကာပူ မှာ နေဖြစ်မယ်၊ မနေဖြစ်ဘူးဆိုတာ မသေချာဘူး။ တချို့ မြန်မာပြည် ပြန်မယ်၊ တချို့ အမေရိကားသွားမယ်၊ တချို့ ဥရောပနိုင်ငံတွေ သွားမယ်၊ တချို့ အာဖရိကနိုင်ငံတွေ သွားမယ်အခြေအနေ၊ အချိန် အခါပေါ် မူတည်ပြီး နေရပ်က အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်။ 
        
     စင်ကာပူနိုင်ငံသားအဖြစ် ခံယူပြီး စင်္ကာပူမှာပဲ တစ်သက်လုံးနေမယ်လို့ ဆုံးဖြတ်ထားတဲ့သူတွေတောင်မှ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြောင်းသွားနိုင်တာပဲ။ မြန်မာပြည်မှာ ပြန်နေဖြစ်သွားတာ ရှိမယ်၊ တခြားနိုင်ငံတစ်ခုကို ပြောင်းနေဖြစ်သွားတာ ရှိမယ်။ နေရပ်က ချာဘူး။

    နေရပ်က ဘယ်သူမှ မသေချာပေမယ့် အနေရပ်ကတော့ လူတိုင်း သေချာပါတယ်။ အနေရပ်ဆိုတာ သေတာကို ပြောတာပါ။ သေတယ်ဆိုတာ အနေရပ်သွားတာပဲလေ။ ဆက်တိုက်ဆက်တိုက် နေနေရာကနေ ဆက်မနေရတော့ဘဲ အနေရပ်သွားတာကိုပဲ သေတယ် လို့ ခေါ်တာပါ။

     သေတယ်ဆိုတာ ဘာမှ အထူးအဆန်း မဟုတ်ပါဘူး။ မနေရတော့တာကိုပဲ သေတယ်လို့ ခေါ်တာပါ။ သေတာကိုပဲ အသက် ရှူရပ်သွားတယ်လို့ ပြောကြသလိုမျိုး အနေရပ်သွားတယ်လို့လည်း ပြောလို့ရပါတယ်။ လူတိုင်းလူတိုင်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အနေ ရပ်သွားမှာကတော့ သေချာတယ်နော်။

   “နေခြင်းမမြဲ၊ သေခြင်းမြဲ ဆိုတာလိုပဲ နေရပ်မသေချာပေ မယ့် အနေရပ်သေချာပါတယ်။ ဒါလေးကိုလည်း သံဝေဂအဖြစ်နဲ့ အမြဲသတိရပါ။ စိတ်ဓာတ်အင်အား ဖြစ်စေပါတယ်။ စိတ်ခွန်အား တိုးပွားစေပါတယ်။ အလုပ်များများပြီးဖို့ တွန်းအားကောင်းကောင်း ရစေပါတယ်။
       
 သေခြင်းတရားကို သတိရတဲ့အလုပ်ဟာ စိတ်ဓာတ်ကျ စေတဲ့အလုပ် မဟုတ်ပါဘူးစိတ်ဓာတ်တက်စေတဲ့အလုပ်ပါ။ အလုပ် နှေးစေတဲ့အလုပ် မဟုတ်ပါဘူး၊ အလုပ်သွက်စေတဲ့ အလုပ်ပါ။

#အသေလှတဲ့သူစာအုပ် မှ

Comments

Popular posts from this blog

" အ မု န်း သ န် ရ င် ၊ အ မှုန်း ခံ ရ မယ် "