" အ မု န်း သ န် ရ င် ၊ အ မှုန်း ခံ ရ မယ် "

" အ မု န်း သ န် ရ င် ၊ အ မှုန်း ခံ ရ မယ် "
အရှင်ဆန္ဒာဓိက - ရွှေပါရမီတောရ


     မုန်းစွဲနဲ့ သေရင်လည်း အသေလှတဲ့သူမဖြစ်နိုင်ဘူး။ သူက ပိုဆိုးတယ်။ မုန်းစွဲနဲ့ သေလို့ရှိရင်လည်း အပါယ်လေးဘုံရောက်တာကတော့ အသေမလှဘူးဆိုတာ အထူးပြောစရာ မလိုတော့ဘူး။ 
     
       သေခါနီးလေးမှာ မုန်းစွဲလည်း စွဲတော့ စွဲတယ်။ ဒါပေမဲ့ ကုသိုလ်ကံအာရုံလေးကလည်း တွဲပြီးတော့ ထင်လာတယ်ဆိုရင်... 
       
     စိတ်ဆိုတာက အင်မတန် အဖြစ်အပျက်မြန်တာကိုး။ လက်ဖျောက်တစ်ချက်တီး ကုဋေတစ်သိန်းတောင်ဖြစ်တယ်။ စွဲစိတ်နဲ့ ကုသိုလ်၊ အကုသိုလ်ကလည်း တစ်လှည့်စီ ဖြစ်နေကြတာ။ စွဲတဲ့စိတ်ကလေး ပေါ်လိုက်၊ ကုသိုလ်အာရုံလေး ပေါ်လိုက်။ စွဲတဲ့စိတ်ကလေး ပေါ်လိုက်၊ အကုသိုလ်အာရုံလေး ပေါ်လိုက်နဲ့ ဒီလို တစ်လှည့်စီ ပေါ်နေတာနော်။

             စွဲစိတ်ဖြစ်တဲ့အချိန် ကုသိုလ်စိတ်၊ အကုသိုလ်စိတ် မဖြစ်ဘူး။ ကုသိုလ်စိတ်၊အကုသိုလ်စိတ်ဖြစ်တဲ့အချိန် စွဲစိတ် မဖြစ်ဘူး။ တစ်လှည့်စီ ဖြစ်နေကြတာ။ ဒါပေမဲ့အပြောင်းအလဲက မြန်လွန်းတဲ့ အတွက် တစ်ပြိုင်တည်းဖြစ်နေသလို ထင်ရတာပေါ့။

       စွဲစိတ်နဲ့ အကုသိုလ်စိတ် တစ်လှည့်စီ ပူးတွဲဖြစ်နေတဲ့အချိန် သေသွားရင် အပါယ်လေးဘုံ မကောင်းရာဒုဂ္ဂတိ ရောက်မယ်။ စွဲစိတ်နဲ့ကုသိုလ်စိတ် တစ်လှည့်စီ ပူးတွဲဖြစ်နေတဲ့အချိန် သေသွားရင် လူ့ပြည်၊ နတ်ပြည် ကောင်းရာသုဂတိ ရောက်မယ်။

         လားရာဂတိကို အဓိက ဆုံးဖြတ်တာက ကုသိုလ်၊ သို့မဟုတ် အကုသိုလ်ပါ။ လိုရင်းပြောရင်တော့ ကံပေါ့လေ။ အဲဒီကံရဲ့ ဆုံးဖြတ်ချက်ကိုမှ စွဲစိတ်က အနိမ့်အမြင့် ခွဲခြားပေးလိုက်တာပါ။ စွဲစိတ်တစ်ခုတည်းသက်သက်နဲ့တော့ လားရာဂတိကို ဆုံးဖြတ်လို့ မရပါဘူး။

    စွဲတယ်ဆိုလို့ အစွဲလေးတစ်ခုတည်း ပေါ်နေတာ မဟုတ်ဘူး။ ကံအာရုံလည်း တွဲပေါ်နေတယ်။

       အဲဒီတော့ မုန်းစွဲလေးနဲ့လည်း စွဲနေတယ်၊ ကုသိုလ်ကံ အာရုံလေးကလည်း တွဲပြီးတော့ ပေါ်ပေါ်နေတယ်။ မုန်းစွဲနဲ့၊ ကုသိုလ်အာရုံနဲ့ တွဲပေါ်နေတုန်း သေသွားတော့ လူ့ပြည်ရောက်၊ လူတော့ဖြစ်တယ်။ ဒါပေမဲ့ ကိုယ်မုန်းတဲ့သူရဲ့ ပတ်ဝန်းကျင်မှာ လူဖြစ်ရတယ်။

        ကိုယ်မုန်းတဲ့သူကိုမှ အဖေအမေတော်ရတယ်။ ကိုယ် မုန်းတဲ့သူကိုမှညီအစ်ကိုမောင်နှမတော်ရတယ်။ ကိုယ်မုန်းပါတယ်ဆိုတဲ့သူကိုမှ ဆရာသမားတော်ရတယ်၊ မိတ်ဆွေအပေါင်းအသင်းတော်ရတယ်ဆိုတော့ စိတ်ချမ်းသာစရာကောင်းပါဦးမလား။ မကောင်းတော့ဘူး။

      အဆိုးဆုံးကတော့ ကိုယ်မုန်းတဲ့သူကို မိဘပြန်တော်ရတာပဲ။ ကိုယ်မုန်းပါတယ်ဆိုတဲ့သူကိုမှ မိဘတော်ရတာလောက် စိတ်ဆင်းရဲစရာကောင်းတာ မရှိတော့ဘူး။ မုန်းစွဲလေးနဲ့ စွဲတော့ ကိုယ်ကလည်း ကိုယ့်မိဘကို မုန်းတယ်။ မိဘကလည်း ကိုယ့်ကို မုန်းတယ်။ အဲဒီလိုအပြန်အလှန် မုန်းနေတယ်ဆိုရင် အဲဒီဘဝ ဘယ်မှာသာယာမှု ရှိပါတော့မလဲ။

     ဒါက ဘာသာရေးမဂ္ဂဇင်းတွေဘာတွေ ဖတ်ဖူးတယ်ဆိုရင်တော့ သိမှာပါ။ လူဝင်စားနဲ့ပတ်သက်တဲ့ ဖြစ်ရပ်မှန်ဆောင်းပါးတွေ၊ ဖြစ်ရပ်မှန်ဝတ္ထုတွေမှာ ချစ်စွဲ၊ မုန်းစွဲနဲ့ ပတ်သက်တဲ့ ကောက်ချက်ချစရာအကြောင်းအရာလေးတွေ အမြဲလိုလို ပါတတ်ပါတယ်။ ကုသိုလ်ကံ၊ အကုသိုလ်ကံရဲ့ အကျိုးပေးတွေလည်း ပါတာပေါ့နော်။

    မုန်းစွဲနဲ့ သေလို့ ကိုယ်မုန်းတယ်ဆိုတဲ့ပုဂ္ဂိုလ်ကို မိဘတော်ရတယ်ဆိုတာလေး ကြားလိုက်တာနဲ့ ကိုယ်ဖတ်ဖူးတဲ့ ကိုယ်တွေ့ အဖြစ်အပျက်ဝတ္ထုလေးတွေ ပေါ်လာကြမှာပဲ။ ပေါ်လာရဲ့လား။ ပေါ်လာရင် ပြောရမှာနော်။ အဲတော့ ဦးဇင်းတို့ ဟိုးငယ်ငယ်တုန်းက ကိုရင်ကတည်းက ဖတ်ဖူးတဲ့ဝတ္ထုလေးတွေ တော်တော်များများပါပဲ။
              
               အဖြစ်အပျက်လေးတစ်ခုဆိုရင်   ကြောင်ကလေးတစ်ကောင် အကြောင်းပေါ့လေ။ ကြောင်ကလေးရဲ့သခင် အမျိုးသားက ဒေါသ သိပ်ကြီးတယ်။ တစ်နေ့တော့ သူက ငါးကြော်လေးခိုးစားမိလိုက်တော့ သခင်က ရေနွေးပူနဲ့ လောင်းချလိုက်တာ။ တစ်ခါတည်း သေသွားတာပေါ့။

       သေခါနီးမှာ သူ့သခင်ကို စူးစိုက်ကြည့်ပြီးတော့ မကျေနပ်တဲ့စိတ်တွေ၊ မုန်းတီးတဲ့စိတ်တွေ ဖြစ်နေတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာပဲ အတိတ်ဘဝတုန်းက ပြုခဲ့တဲ့ ကုသိုလ်အာရုံ တစ်ခုခုကလည်း ထင်လာမှာပေါ့။ ဘာကုသိုလ်ရယ်လို့တော့ ပြောလို့မရဘူး။

        မုန်းစိတ်နဲ့ ကုသိုလ်စိတ် တွဲဖြစ်နေတုန်း သေသွားတော့ လူဖြစ်၊ သူ့ကို ရေနွေးပူနဲ့ လောင်းလိုက်တဲ့ သခင်ကိုပဲ အဖေပြန်တော်ရတယ်။ အဲဒီအိမ်မှာပဲ သားပြန်ဖြစ်တာကိုး။ မွေးလည်းလာရော ဒီအဖေကို မုန်းလိုက်တာ လွန်ပါရော။ အဖေထိလိုက်တာနဲ့ ငိုတော့တာပဲ။ အဖေရဲ့အထိ လုံးဝ မခံဘူး။

       ကြီးတဲ့အထိ ဒီအဖေကို နာကြည်းမုန်းတီးနေတယ်။ အရင် ဘဝကို ပြန်ပြီး မှတ်မိနေတော့ မုန်းစိတ်က မပျောက်တော့ဘူးပေါ့။ ကြောင်ဘဝက ရေနွေးပူလောင်းခံခဲ့ရတဲ့ ဒဏ်ရာတွေလည်း ဒီဘဝ မွေးလာတော့ ပါလာသေးတယ်။ ဒဏ်ရာကို စိတ်စွဲသွားလို့ပေါ့။ ဒါ ကိုယ်တွေ့အဖြစ်အပျက်တွေပါပဲ။

   ကြက်သားကြော် ခိုးစားမိတဲ့ကြောင်ကလေးတစ်ကောင် ကျတော့ လက်နှစ်ဖက်၊ ခြေနှစ်ဖက်ကို ဓားနဲ့ ခုတ်ဖြတ်ခံရပြီး သွားတာ၊ အဲဒီအိမ်မှာပဲ လူပြန်ဖြစ်၊ သူ့ကို လက်ခြေဖြတ်ခဲ့တဲ့သခင် အိမ်ရှင်ယောက်ျားကိုပဲ အဖေပြန်တော်ရ၊ မွေးကတည်းက လက်နှစ်ဖက်၊ ခြေနှစ်ဖက် ပါမလာဘူး၊ ဒီအဖေကို သိပ်မုန်းတာပဲ။ အဖေနဲ့ ဘယ်တော့မှ မျက်နှာချင်းမဆိုင်ဘူး။ အဖေနဲ့ ဘယ်တော့မှ စကားမပြောဘူး။ အဖေနဲ့ လုံးဝ ကင်းကင်းရှင်းရှင်းနေတယ်။ ဘယ်လောက် စိတ်ဆင်းရဲဖို့ ကောင်းထားလဲ။

      အဖြစ်အပျက်လေးတစ်ခုလည်း ရှိတယ်ပေါ့လေ။ ပြောရင်းနဲ့ ပေါ်လာတာလေးတွေ။ မုန်းစွဲနဲ့သေရင် မုန်းတဲ့ပတ်ဝန်းကျင် ရောက်တယ်ဆိုတာနဲ့ ဒီဟာလေးတွေက တန်းပေါ်လာတာပါပဲ။

     ငုံးကလေးတစ်ကောင်က မိုးရွာနေတဲ့အချိန် တောထဲက သစ်ငုတ်တိုတစ်ခုပေါ်မှာ ကုတ်ကုတ်ကုတ်ကုတ်နဲ့၊ တုန်တုန်တုန်တုန် နဲ့ ဖြစ်နေတယ်။ အဲဒီအချိန်မှာ ဒကာတစ်ယောက်ကလည်း အပျော်တမ်းငှက်ပစ်သမားပေါ့လေ။ လေသေနတ်နဲ့ တောထဲမှာ လိုက်ပစ်ရင်းနဲ့ မိုးရွာထဲမှာ ခိုက်ခိုက်တုန်နေတဲ့ ငုံးကလေးကို သေနတ်နဲ့ ချိန်လိုက်တယ်။ အဲဒီမှာ ငုံးလေးက သေနတ်နဲ့ချိန်တဲ့လူဘက်ကို လှည့်ကြည့်လိုက်တယ်။

      အမှန်ကတော့ တောင်းပန်တဲ့သဘောပေါ့လေ။ "ငါ့ကို မပစ်ပါနဲ့။ ချမ်းသာပေးပါ"။

              အဲဒီသေနတ်ပစ်တဲ့ဒကာကလည်း ရုတ်တရက်တော့ သနားသွားတယ်။ ဪ … တောင်းပန်တဲ့ အကြည့်လေးပဲ။ မပစ်တော့ ပါဘူးလေ။ နောက်တော့ “မထူးပါဘူးလေ။ ငါမပစ်လည်း မိုးရွာထဲမှာ မိုးမိပြီးတော့ သေမှာပဲ။ သူ့ဘာသာသူ သေမယ့်အတူတူတော့ ပစ်လိုက်တာပဲကောင်းပါတယ်” ဆိုပြီးတော့ ပစ်ထည့်လိုက်တယ်။

     အဲဒီငုံးလေးက အဲဒီဒကာကြီးအိမ်မှာ သားအဖြစ်နဲ့ ပြန်ပြီးတော့ ဝင်စားတယ်။ အဲဒီဒကာကလည်း အဲဒီတစ်ခေါက် ငုံးလေးကိုပစ်ပြီးကတည်းက ငုံးလေးကို အမြဲတမ်း သတိရတယ်။ သတိရတိုင်း စိတ်မကောင်းဖြစ်ပြီးတော့ အပျော်တမ်း ငှက်ပစ်တဲ့အလုပ်ကို လုံးဝ စွန့်လွှတ်လိုက်ပါတယ်။ လုံးဝ ငှက်မပစ်တော့ပါဘူး။

     အဲဒီကလေးလေး မွေးလာတော့ ဒီအဖေရဲ့ ကိုင်တွယ်မှုကို လုံးဝ မခံဘူး။ ကလေးကို အဖေက ထိလိုက်ပြီဆိုတာနဲ့ အော်ငို တော့တာပဲ။ နည်းနည်းလေး အသက်အရွယ်ရလာတဲ့အခါ ကျတော့လည်း သူ့ကို ထိမယ်ဆိုရင် ခင်ဗျားကျုပ်ကို မထိနဲ့ ဘာညာနဲ့ ပြောလွှတ်တာ။

      တစ်နေ့ကျတော့ မိုးတွေရွာနေတဲ့အချိန် ပြတင်းပေါက် အပြင်ဘက် ကြည့်ပြီးတော့ မျက်ရည်တွေ တွေတွေကျနေတယ်။ ရှိုက်ကြီးတငင်နဲ့ ငိုနေတာပေါ့။ အဲဒီမှာတွင် အဖေက “သားလေး ဘာဖြစ်လို့ ငိုနေတာလဲ”။ မိုးရွာတာကို ကြည့်ပြီးတော့ ငိုနေတာကို မြင်လို့ မေးလိုက်တာပေါ့။ သူ့စိတ်ထဲမှာလည်း နဂိုကတည်းက သံသယက ဖြစ်ပြီးသားပါ။ “ဒီငုံးလေးများ ဝင်စားတာလား မသိဘူး။

   အဲဒါနဲ့ “သားလေးဘာလို့ငိုနေတာလဲ” လည်း မေးရော အဖေ့မျက်နှာကို စိန်းစိန်းကြီး စူးစိုက်ကြည့်ပြီးတော့........

  “ငါ့ရဲ့ အဖေ အမေနဲ့ ကွဲအောင်လုပ်တာလည်း မင်းပဲ။ ငါ့ရဲ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့၊ ညီအစ်ကိုမောင်နှမတွေနဲ့ ကွဲအောင်လုပ်တာလည်း မင်းပဲ။ ငါ့ကို လုံးဝ မထိနဲ့။ မင်းကိုအရမ်း မုန်းတယ်။ သိပ်မုန်းတယ်”

   ဆိုပြီးတော့ တစ်ခါတည်း အော်ဟစ်တော့တာပဲ။


   အဲဒီတော့မှ အဖေက မေးတယ်။ " သားလေးက ငုံးလေး လား"။ ဆိုတော့မှ အဲဒီမှာ “ဟုတ်တယ်။ ဟုတ်တယ်” ဆိုတဲ့ အကြောင်း မာထန်ထန်နဲ့ ပြောပြတာပေါ့။ “မပစ်ပါနဲ့ အသနားခံ တောင်းပန်နေတဲ့ကြားထဲက၊ မျက်ရည်သွင်သွင်ကျပြီးတော့ တောင်းပန်နေတဲ့ကြားထဲက မဖြစ်ဖြစ်အောင် ပစ်လိုက်တယ်။ ဒါ့ကြောင့် ခင်ဗျားကို သိပ်မုန်းတယ်” ဆိုပြီးတော့ အဖေကို မုန်းတယ်။

   မုန်းစွဲနဲ့ သေတာ အသေလှရဲ့လား။ မလှဘူး။ ဒါတောင်မှ ကိုယ်က တစ်ဖက်သတ် မုန်းနေတာမို့လို့ အဖေကို ကိုယ်က ချစ်မရဘူး။ အဖေကတော့ သားအပေါ်ကို မေတ္တာလေးနဲ့ ချစ်ပါသေးတယ်။ ဖခင်မေတ္တာတော့ ရသေးတာပေါ့။

     ပိုဆိုးတာကျတော့ ကိုယ်က မုန်းရုံမကဘူး၊ ဟိုကလည်း မုန်းတယ်။ ဟိုကဆိုတာ ကိုယ့်အဖေအမေက။

      ကိုယ့်အဖေ အမေတွေက အတိတ်ဘဝကို ပြန်မှတ်မိ လို့ပဲဖြစ်ဖြစ်၊ မမှတ်မိဘဲနဲ့ အလိုလို ဓာတ်သဘာဝကိုက ရိုက်ခတ် နှိုးဆော်လို့ပဲဖြစ်ဖြစ်ပေါ့လေ။ သားသမီးအရင်းချင်းအတူတူ ကိုယ့်ကို ကြည့်ကို မကြည့်ချင်၊ ထစ်ကနဲဆို ရိုက်ဖို့၊ နှက်ဖို့၊ ထိုးဖို့၊ ကြိတ်ဖို့၊ ဆူဖို့၊ ကြိမ်းဖို့ပဲ စဉ်းစားနေတယ်ဆိုရင် ဘယ်လောက် စိတ်ဆင်းရဲစရာ ကောင်းထားလဲ။

            မိဘတိုင်း သားသမီးတွေကို တန်းတူဆက်ဆံတယ်ဆိုတာ ယေဘုယျစကားပဲ။ မိဘတိုင်း မဟုတ်ဘူး။ အပြစ်ချင်းအတူတူ ဟိုတစ်ယောက်ကျ ခွင့်လွှတ်တယ်၊ ဒီတစ်ယောက်ကျ ခွင့်မလွှတ်ဘူး။ အခြေအနေချင်းအတူတူ ဟိုတစ်ယောက်ကျ အလိုလိုက်တယ်၊ ဒီ
တစ်ယောက်ကျ အလိုမလိုက်ဘူး။ ဟိုတစ်ယောက်ကျ ချိုချိုသာသာ ပြောတယ်၊ ဒီတစ်ယောက်ကျ ချိုချိုသာသာ မပြောဘူး။ ဒီလို မိဘ မျိုးတွေ ရှိတယ်။ ဒါဟာ အတိတ်ဘဝက မုန်းစွဲတွေကြောင့်ပဲ။

       ရုပ်လည်း ချော၊ စိတ်ကောင်းလည်း ရှိ၊ ပညာလည်း တတ်၊ ယဉ်လည်း ယဉ်ကျေး၊ ဘာသာရေးလည်း လိုက်စား၊ မိဘ ကျေးဇူးလည်း သိတတ်၊ အဖက်ဖက်က ပြည့်စုံတဲ့ သားလိမ္မာ၊ သမီးလိမ္မာဖြစ်နေပါလျက် ဒီသား၊ ဒီသမီးကို လုံးဝကြည့်လို့မရအောင် အရမ်းမုန်းတီးနေတဲ့မိဘတွေ ဦးဇင်းတို့နဲ့ သိကျွမ်းတဲ့ဒကာ၊ ဒကာမတွေထဲမှာတောင် တကယ်လက်တွေ့ တွေ့နေရတယ်။ အံ့ဩစရာပါပဲ။

#အသေလှတဲ့သူစာအုပ် မှ


Comments

Popular posts from this blog

" နေရပ်မသေချာပေမယ့် အနေရပ်သေချာပါတယ် "